ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းတွင် ဆုရရှိသူများအား ယမန့်နေ့ ညနေ(၄)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထု အခြေပြုဗဟိုဌာနတွင် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းက အခမ်းအနားမှူး သင်တန်းတွင် သင်ယူခဲ့သော စာတွေ့လက်တွေ့ သင်ခန်းစာများအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အခမ်းအနားများနှင့် အစည်းအဝေးများတွင် ဆောင်ရွက်သွားကြရန်နှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခမ်းအနားမှူး တစ်ယောက်အနေဖြင့် အခမ်းအနားများနှင့် အစည်းအဝေးပွဲများ တွင် အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဦးဆောင်ဆောင်ရွက်ပေးရသဖြင့် များစွာတာဝန်ရှိ ကြောင်း၊ စာတွေ့လက်တွေ့ သင်ကြားမှုများကို လက်တွေ့တွင် အဆင်ပြေစွာ ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာ အဖွဲ့၊ အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ရီက အမှတ်ပေး စည်းမျဉ်းစည်းကမ်းများ ကိုစနစ်တကျ ပြုလုပ်၍ ဆုရရှိသူများ ဆုများချီးမြှင့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် အထူးဆုရရှိခဲ့သူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်တို့က ဆုများအသီးသီးချီးမြှင့်ပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။
တင်တင်ထွေး