မိတ္ထီလာမြို့နယ် ကြာကန်ကျေးရွာ၌  ချည်မျှင်ရှည်ဝါအထူးဇုံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၀

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် မိုးကြိုချည်မျှင် ရှည်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့် ဒေသခံတောင်သူများအား  ပံ့ပိုးပစ္စည်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါပံ့ပိုးပစ္စည်း ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အမှာစကား ပြောကြားသည်။ ပံ့ပိုးပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ကြသည့် ဒေသခံတောင်သူများ အား ဝါတစ်ဧက အထွက်နှုန်းကောင်းမွန်စေရန်အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ဖြစ်သော ထယ်ရေးကောင်းမွန်စွာ ပြုပြင်ရန်၊ မျိုးကောင်းမျိုးသန့် သုံးစွဲရန်၊ ကျင်းလပ်များကို ဖာထေးရန်၊ သတ်မှတ်ရက်အတွင်း အပင်သားခွဲရန်၊ စုပ်ပိုးဒဏ်ကာကွယ်ရန်၊ ကြားပေါင်းများကို နှိမ်နင်းရန်၊ ဓါတ်မြေဩဇာကို စနစ်တကျ ကျွေးမွေးပြီး ရေသွင်းရေထုတ်မှန်ကန်ရန် စသည်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အသိပညာပေးဆွေးနွေးသည်။ ထို့နောက် ကြာကန်ကျေးရွာ ချည်မျှည်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့် တောင်သူ ၂၆ ဦးထံသို့ ယူရီးယား ဓာတ်မြေဩဇာဝယ်ယူခွင့်၊ ချည်မျှင်ရှည်ဝါရွှေတောင် (၁ဝ) အခြေခံမျိုးသန့် မျိုးစေ့များနှင့် လူးနယ်ဆေးများကို တာဝန်ရှိသူများက ပံ့ပိုးပေးအပ်ကြောင်း သိရသည်။

ချမ်းသာ