မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ဆေးရုံတွင် သူနာပြုအကူများအား ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဖေဖော်ဝါရီ ၁ဝ

မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိ​သောသူနာပြုအကူ သင်တန်းသား၊ သင်တန်းသူများကို ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။

သင်တန်းမှာ ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ လူနာစမ်းစစ်ခြင်းနှင့် အရေးကြီးလူနာ အဆင့် ခွဲခြားခြင်း၊ အခြေခံအသက် အထောက်ကူပြုစုခြင်း (CPR )၊ လူနာသယ်ဆောင်ခြင်း၊ ပတ်တီးစည်းခြင်းစတဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးက ပြဋ္ဌာန်းထားတဲ့အခြေခံ ရှေးဦး ပြုစုခြင်း နည်းပညာရပ်များကို သင်ကြားပို့ချပေးတာဖြစ်ပါတယ် ဟု  ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး  ဦးနေဦးက ပြောသည်။

အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပြီး သင်တန်းကာလ ၆ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကာ သင်တန်းသို့ သူနာပြုအကူ သင်တန်းသား၊ သင်တန်းသူ ၄၆ ဦး တက်ရောက်ကြောင်းသိရသည်။

ချမ်းသာ