ကျောက်ဖြူခရိုင် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ    ဖေဖော်ဝါရီ   ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အမြင်သစ်များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက မောင်နီဝင်း (ပခုက္ကူ) (အမျိုးသားစာပေဆုရ)ရေးသားသည့် စံကားဝါနှင့် အခြားဝတ္ထူတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အောင်တင်ကြည် ဦးစီးအရာရှိ(တာဝန်ပေး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်အကြောင်းအရာ များထဲမှ ဘဝနှင့်အလှ စာပိုဒ်ပါ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက် လာကြသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး