နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/သူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ရဲမှူးကြီးကိုကိုလွင်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး များဖြင့် စုပေါင်းဖွဲ့စည်းထားပြီး ပြည်ထောင်စု တိုင်းရင်း သားများ စုပေါင်းနေထိုင်သော နိုင်ငံတော်ကြီးဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အမျိုးသားရေး ဦးတည်ချက်များချမှတ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ၏ အနုပညာစွမ်းရည် ဖျော်ဖြေတင်ဆက်မှုများ ပျော်ရွှင်တက် ကြွစွာပါဝင်ဆင်နွှဲမှုများ၊ လူငယ်မောင်မယ်များ၏ ဆန်းသစ်တီထွင်မှု များကို တွေ့မြင်ခဲ့ရပါကြောင်း၊ လူငယ်မောင်မယ်များ၏ ရင်ထဲမှာလည်း ပြည်ထောင်စုစိတ်ဓာတ် အစဉ်ကိန်းအောင်းစေလိုပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်သည် ပြည်ထောင်စုသားအချင်းချင်း ချစ်ကြည်ရင်းနှီးစိတ်၊ တစ်ဦးအပေါ်တစ်ဦး လေးစားစိတ်၊ အချင်းချင်း ကူညီ စောင့်ရှောက်လိုစိတ်၊ စည်လုံးညီညွှတ်သည့်စိတ်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပေးခြင်းသည်လည်း လူငယ်မောင်မယ်များ သမိုင်းကိုပိုမို စိတ်ဝင်စားလာရုံ သာမက မိမိတို့နိုင်ငံ၏ ပြည်ထောင်စုနေ့အကြောင်းကိုလည်း သိရှိတန်ဖိုးထားကာ မျိုးချစ်စိတ် ရင့်သန်စေရန် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း၊ ပြိုင်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ တာဝန်ရှိသူများ အားလုံးကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွှတ်သည့် အင်အားဖြင့် နိုင်ငံတော်ကြီးခေတ်မီပြီး စွမ်းရည်ပြည့်ဝအောင် တွဲလက်များခိုင်ခိုင်မြဲပြီး ကြိုးပမ်းသွား ကြရမည်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြော ပြိုင်ပွဲများနှင့် ဗိုလ်ရှုသဘင်အခမ်းအနား အစမ်းလေ့ကျင့်ရေးများမှာ ကျောင်းသားလူငယ်များစွာ ပါဝင်နေခြင်းကို တွေ့မြင်ရသည့် အတွက်လည်း ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ် အထက(၂၀) Grade-10မှ မတည် သန့်ဖြူစင် အားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ် အထက(၄) Grade-10မှ မလမင်းသန့် အားလည်းကောင်း၊ တတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ် အထက(၂) Grade-10မှ မသက်ရတီကျော်ဝင်း အားလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ ဆု၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကဗျာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊ နေပြည်တော်ပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က ကျပန်း စကားပြော ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း အသီးသီးဆုများ ပေးအပ် ချီးမြှင့်ကြသည်။
နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲကို “မျိုးရိုး အစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စု စိတ်ဓာတ်ဖြင့်ထိန်းသိမ်းပါ’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောင်းပါး ပြိုင်ပွဲကို “ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပန်းချီပြိုင်ပွဲကို “စိန်ရတုပြည်ထောင်စုနှင့် အနာဂတ်ရောင်စုံ ပန်းများ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “ပြည်ထောင်စုအမွေ ကမ္ဘာတည်စေ’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲကို “ပြည်ထောင်စုနေ့ မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့ အမွေကို မွေးဖွားသည်’’ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)