မိုင်းကိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

မိုင်းကိုင်     ဖေဖော်ဝါရီ     ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်  ဝမ်ဖွီးကျေးရွာနေ ကျေးလက်နေပြည်သူများအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲ  အခမ်းအနားကို   ယမန်နေ့  ညနေ  ၃  နာရီက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဝမ်ဖွီးကျေးရွာအုပ်စုမှ  ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက  ကျေးရွာ မြေငှားဂရန် များ  ထုတ်ပေးရခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်  တာဝန်ရှိသူများက ဝမ်ဖွီးကျေးရွာအုပ်စု၊ ဝမ်ဖွီးစံပြ ကျေးရွာအတွင်း  သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် အိမ်ခြေ  ၆၃  အိမ်အတွက် ကျေးရွာမြေငှားဂရန် စာချုပ်များကို   အိမ်ခြံမြေပိုင်ရှင် များထံပေးအပ်ခဲ့သည်။

ထို့နောက်  ကျေးရွာမြေ ငှားဂရန်များ ရရှိခြင်းကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ မြေယာပိုင်ဆိုင်ခွင့်၊ ငွေကြေးလိုအပ်လာပါက ဘဏ်များတွင် ချေးငွေများ ချေးယူနိုင်ခွင့်၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေရန်များစွာ ပံ့ပိုးကူညီမှုရရှိစေမည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများကိုယ်စား ဝမ်ဖွီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးစိုင်းဒေဝိန်က ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်