ရန်ကုန် ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ၊ တာမွေ(ယာယီ)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် တာမွေ(ယာယီ)စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က စျေးရောင်းချနေသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“အခုအချိန်မှာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်(omicron)ဟာ မြန်မာနိုင်ငံမှာ ကူးစက်ခံရမှုတွေ ပြန်လည်စတင်ဖြစ်ပွားလာတဲ့အတွက် ကျွန်တော်တို့စျေးတွေမှာလည်း ကူးစက်မှုတွေ မရှိအောင်လို့ အခုလို အသိပညာပေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စျေးတွေဆိုတာက လူတန်းစားပေါင်းစုံ ဝင်ထွက်သွားလာနေတဲ့ နေရာတစ်ခုပါ။ အဲ့အတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်နိုင်ခြေကလည်း ရာခိုင်နှုန်းများပါတယ်။ အဲဒါကြောင့် စျေးမှာရှိတဲ့ စျေးရောင်းချသူတွေသာမကပဲ စျေးကိုလာရောက်ကြသည့် စျေးဝယ်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်တွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိတိကျကျ လိုက်နာပေးကြဖို့ တိုက်တွန်းချင်ပါတယ် ” ဟု တာမွေ(ယာယီ)စျေးတာဝန်ခံ ဦးသူရဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအပါအဝင် မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေး (၇)စျေးတွင် စျေးရောင်းချသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ်လည်း စျေးအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ စျေးအတွင်းရှိ လူအသွားအလာများသည့် နေရာများနှင့် သန့်စင်ခန်းများအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်