မိတ္ထီလာမြို့နယ် ကြာကန်ကျေးရွာတွင် ချည်မျှင်ရှည်ဝါအထူးဇုံပံ့ပိုးပစ္စည်းပေးအပ်ပွဲ ကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၈

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စုကြာကန်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်သည့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် မိုးကြိုချည်မျှင်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့်ဒေသခံ တောင်သူများအား ချည်မျှင်ရှည်ဝါအထူးဇုံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ဖေဖော်ဝါရီလ ၇ ရက်နေ့ ည နေ ၃ နာရီ အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါချည်မျှင်ရှည်ဝါအထူးဇုံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးကအမှာစကား ပြောကြားသည်။ ပံ့ပိုးပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ကြသည့် ဒေသခံတောင်သူများအား ဝါတစ်ဧက အထွက်နှုန်းကောင်းမွန် စေရန်အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြစ်သော ထယ်ရေးကောင်းမွန်စွာ ပြုပြင်ရန်၊ မျိုးကောင်းမျိုးသန့် သုံးစွဲရန်၊ ကျင်းလပ်များကို ဖာထေးရန်၊ သတ်မှတ် ရက်အတွင်း အပင်သားခွဲရန်၊ စုပ်ပိုးဒဏ်ကာကွယ်ရန်၊ ကြားပေါင်းများကိုနှိမ်နင်းရန်၊ ဓါတ်မြေဩဇာကို စနစ်တကျကျွေးမွေးပြီး ရေသွင်းရေထုတ်မှန်ကန်ရန် စသည်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမောင်မောင်ငြိမ်းက အသိပညာပေးဆွေးနွေးသည်။ ထိုနောက် ကြာကန်ကျေးရွာ ချည်မျှည်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့် တောင်သူ ၂၆ ဦးထံသို့ ယူရီးယားဓါတ်မြေဩဇာဝယ်ယူခွင့်၊ ချည်မျှင်ရှည်ဝါရွှေတောင်(၁ဝ) အခြေခံ မျိုးသန့် မျိုးစေ့များနှင့် လူးနယ်ဆေးများကို တာဝန်ရှိသူများက ပံ့ပိုးပေးအပ်သည်။ မိတ္ထီလာမြို့နယ် အတွင်း ကျေးရွာအုပ်စု ၇ အုပ်စုတွင် ချည်မျှည်ရှည်ဝါအထူးဇုံ ၆၂ဝ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။   

ချမ်းသာ