ပူတာအိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပူတာအို  ဖေဖော်ဝါရီ  ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန် နေ့နံနက်(၈)နာရီက ပူတာအိုမြို့ မြို့မဈေး၊ အထက-ပူတာအိုကျောင်းနှင့် လူအသွားအလာများသော လမ်းဆုံလမ်းခွများ၌ ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ် (၂၃)ဦး၏အမည်များ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ “အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့” ဆောင်းပါး၊ ၁၁.၂.၁၉၄၇ရက်နေ့တွင် ပင်လုံမြို့စော် ဘွားများ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂ .၂.၂၀၂၁ ရက်နေ့တွင် နိုင်ငံ၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ ပြည်ထောင်စု နေ့နှင့်သက်ဆိုင်သည့် အသိပညာပေးကဗျာ၊ ကာတွန်းနှင့် ဆောင်းပါးများဖြင့် စုံစုံလင်လင်ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းများက ပူတာအိုမြို့နယ် စည်ပင်သာယာမြို့မဈေး၊ မနက်ဈေး (နံနက်ဈေး)၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်း ကျောင်းများတွင် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသူကျောင်းသားများအား သတင်းစကားလက်ကမ်းစာစောင်(၂၈၄)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)