နေပြည်တော်၊ ဖေဖော်ဝါရီ ၉
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော် စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းအေးက ကျပန်းစကားပြောပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးမှုပုံစံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်ရှစ်မြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၈)ဦးတို့က “ပြည်ထောင်စုနေ့မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်’’ ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲကို “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စု စိတ်ဓာတ်ဖြင့်ထိန်းသိမ်းပါ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါး ပြိုင်ပွဲကို “ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပန်းချီပြိုင်ပွဲကို “စိန်ရတုပြည်ထောင်စုနှင့် အနာဂတ်ရောင်စုံပန်းများ’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “ပြည်ထောင်စုအမွေ ကမ္ဘာတည်စေ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ကျပန်းစကားပြော ပြိုင်ပွဲကို “ပြည်ထောင်စုနေ့ မိခင်မှ သန္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်’’ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲများ အလိုက်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)