မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း ဆင်းပွဲကျင်းပ

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၀ ရက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝ က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အထောက်အကူပြုစေရန် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ရန် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရန် အတွက် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံးနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့အိမ်တွင် အိုးမကွာ အိမ်မကွာဖြင့် လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ လုပ်ငန်းရှင်အဆင့်သို့ ရောက်ရှိနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေ၍ တစ်ဦးချင်းဝင်ငွေ တိုးတက် စေရေးနှင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမားရေးနှင့်ညီညွှတ်သော အစားအသောက် အကြောင်းများသိရှိပြီး လူနေမှုဘဝမြှင့်တင်လာစေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမှာဖြစ်ပကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)