မြင်းခြံမြို့၌ ပထမဆုံးအကြိမ် ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ ကျင်းပမည်

မြင်းခြံ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပထမဆုံးအကြိမ် ခရိုင်/မြို့နယ် ဌာနပေါင်းစုံ  ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် မြင်းခြံမြို့ မင်းကျောင်းကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

"တပို့တွဲလတွင် နိုင်ငံတဝှမ်းလုံး၌ မြန်မာ့ရိုးရာ အစဉ်အလာဖြစ်တဲ့ ထမနဲလှူဒါန်း ခြင်း၊ ထမနဲထိုးပြိုင်ပွဲများ ကျင်းပလေ့ရှိသော်လည်း မြင်းခြံခရိုင်အနေဖြင့် ဌာနများမှ မိမိအစီအစဉ်ဖြင့် ထမနဲထိုး၍ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းသာရှိပြီး ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ ကျင်းပ နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ယခု ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ဌာနဆိုင်ရာများ စုပေါင်း၍ ထမနဲထိုး ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း" ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က ပြောသည်။

ပြိုင်ပွဲကျင်းပရာ၌ ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် အသင်းခေါင်းဆောင်(အမျိုးသား) ၁ ဦး၊ ဆိုင်းဘုတ်ကိုင်(အမျိုးသမီး) ၁ ဦး၊ ပြိုင်ပွဲဝင်များ(အမျိုးသား) ၅ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး တူညီဝတ်စုံများဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။                

ကျော်စွာ(မြင်းခြံ)