မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မြောက်ဦး ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ် ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြောက်ဦးခရိုင်အတွင်းရှိ လမ်း၊ တံတားများ ၊ရေပေးဝေရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့်၍ လုပ်ငန်းများ တိုးတက်ပြီးစီးအောင်ဆောင် ရွက်ပေးကြပါရန် မှာကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့နယ်အတွင်းတွင် လမ်းစည်းကမ်း၊ယာဉ်စည်းကမ်း အသိပညာပေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင်မှ မြောက်ဦးမြို့နယ်အတွင်း မကြာမှီအချိန်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ကို စုပေါင်း၍ ဒုတိယအကြိမ်ဆေးထိုးပြီး (၆) လပြည့်သူတိုင်း အိန္ဒိယနိုင်ငံထုတ် (Covishield) ကို တတိယအကြိမ် ထပ်မံထိုးပေးရန်  ဆောင်ရွက်နေမှုတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မီးသတ် ဦးစီးမှူးမှလည်း  ပွင့်လင်းရာသီသို့  ရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရိုင်ပညာရေးမှူးက စာသင်ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 စည်းမျည်း၊ စည်းကမ်းများနှင့်အညီ Mask တပ်ပြီးမှသာလျှင် ကျောင်းဝင်းထဲသို့ ဝင်ရောက်ရန် ကျောင်းသူ/သားများကို မှာကြားခဲ့ပြီဖြစ်ကြောင်းနှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း ပန်းခင်း စီမံချက် ပြီးစီးမှုအခြေအနေတို့ကို လည်းကောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)