ပင်းတယမြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှ ထောက်ပံ့ရေး ပစ္စည်းများ လာရောက်လှူဒါန်း

ပင်းတယ  ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း လာရောက်မှီခိုနေထိုင်သည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတကာ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ပေးအပ်လှူဒါန်းပေးပို့ လာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ကျန်းမာရေးအခြေခံပစ္စည်းများအား  ရှမ်းပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပင်းတယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်း ဆောင်ရွက် လှူဒါန်းပေး ခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၏ ကြီးကြပ်မှုနှင့်အတူ ရှမ်းပြည် နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီ အကျိုးဆောင်ကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များက ပင်းတယမြို့ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၀)စု၊ မိသားစုဝင်(၁၂၅)ဦးအား လည်းကောင်း၊ မိုင်းလီကျေးရွာအုပ်စု ဖောင်းပြားကျေးရွာရှိ သစ္စာဇောတိဘုန်းတော်ကြီးကျောင်း၌ မှီတင်းနေထိုင်သည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၃၄)စုရှိ မိသားစုဝင် (၁၅၀) ဦးနှင့် မသန်စွမ်းမိသားစုဝင် (၂)ဦးတို့အား လည်းကောင်း ကျန်းမာရေး ထောက်ပံ့ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask များ၊ မျက်နှာအကာ Face Shield များ၊ လက်သန့်ဆေးရည် Hand Jal ဘူးများ၊ လက်ဖြန်းဆေးရည်ဘူးများနှင့် အခြေခံကျန်းမာရေးသုံးပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြု လမ်းညွှန်စာအုပ်များ၊ ကလေးများအတွက် ပန်းချီဆွဲစာအုပ်နှင့် ရောင်စုံခဲတံများစသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ပင်းတယမြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၈၀)၊ မိသားစုဝင်ဦးရေ (၇၀၀) ခန့်ရှိရာ  ကျန်ရှိမိသားစုဝင်များအားလည်း ဆက်လက်၍ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)