မိုးညှင်းမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သော  မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ဖေဖောဝါရီ(၈)ရက်နေ့နှင့် (၉)ရက်နေ့ နံနက်ပိုင်းတွင် အောင်သပြေ(၁)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျင်းပရာတွင် ကလေးသူငယ်များအနေဖြင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင် ဆောင်ရွက်ခွင့်ရရှိသဖြင့် ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးရရှိစေရန် ရည်ရွယ်၍ မူကြိုကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော သီချင်းဆို၊ ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည် ပြိုင်ပွဲများဖြစ်သော ရိုးရိုးအပြေးပြိုင်၊ အရုပ်ထောင်နှင့် အရုပ်ကောက်နှင့် အာလူးကောက် ပြိုင်ပွဲစသည့် ပြိုင်ပွဲများတွင် မူကြိုကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉၀)ဦးတို့က အသီးသီးယှဉ်ပြိုင်ကစားကြရာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဆရာ/ဆရာမများက ကလေးငယ်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခြင်းနှင့် အာဟာရဒါနများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါပြိုင်ပွဲများတွင် ဆုရရှိကြသည့် မူကြိုကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင်  ဤဦးစီးဌာနရှိ မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)