ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်မှ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်များအား မီးဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးခြင်း၊ ဆီသိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ မီးငြိမ်းသတ်ရာ၌ မီးသတ်ဆေးဘူး ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ရေပုံများ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးချိတ်မီးကပ် သဲအိတ်များထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်၊ အသုံးပြုရန်မရသည့် မီးသတ်ဆေးဘူးများကို ထပ်မံဖြည့်တင်းဆောင်ရွက်ထားရန်နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန် စစ်ဆေးဆောင်ရွက် လမ်းညွန်မှာကြားခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေး ဦးစီးဌာနမှ လျှပ်စစ်မှူး ဦးအောင်အောင်မှ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းမှုရှိမရှိ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေး ဦးစီးဌာနမှ လျှပ်စစ်မှူး ဦးအောင်အောင်နှင့် လျှပ်စစ်ဝန်ထမ်းများ၊ ကျိုင်းတောင်းမြို့နယ် စည်သာယာရေး ကော်မတီခွဲမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟအောင် တို့မှ ကျိုင်းတောင်းမြို့အတွင်းရှိ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)