ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များ ကူညီ ဆောင်ရွက်ပေး

ငါန်းဇွန်  ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရွာသစ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉နာရီ အချိန်မှစ၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉီးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွာသစ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ အောင်ချမ်းသာဓမ္မဗိမာန်နှင့် ပေါက်အိုင်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူ (၃၀) ဦးပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်း (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေး)သည် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး Mask များဖြန့်ဝေခြင်း၊ ဌာနဆိုင်ရာများမှ  မိမိတို့ ဌာနအလိုက် ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ကြသည်။

ထို့နောက် ရွာသစ်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများစိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးကြသည်။

ဆက်လက်၍ ရွာသစ်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပေါက်အိုင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆေးဝါးနှင့် သင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)