ကျောက်ဆည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်ဆည်  ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် ဦးတည်ချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်သွားနိုင်ရေး ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများစုံညီစွာ တက်ရောက်ရေးနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပါဝင်ဖျော်ဖြေရေး  တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များပူးပေါင်းဆောင်ရွက်ကြရေး အမှာစကားပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးချန်ထွန်းက ဌာနဆိုင်ရာများမှ အခမ်းအနား ပြင်ဆင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ဖျော်ဖြေပေးရေး၊ ပြခန်းများပြသနိုင်ရေး၊ မီးအလှဆင်ခြင်းများ ဆောင်ရွက်ရေး၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး၊ ကျပန်း၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ လုံခြုံရေးဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မျိုးသိန်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ  အောင်မြင်စွာ ကျင်းပနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)