ရန်ကုန် ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ် နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံ ပေးလျက်ရှိသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံ ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး မထိုးနှံခင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဆေးထိုးသင့်သည့် သူများကိုသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာ အဆိုပါ ကာကွယ်ဆေးသည် တစ်ကြိမ်သာ ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ပြီး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခဲ့ပြီး ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ(၈)ရက်နေ့အထိ ရပ်ကွက် နေပြည်သူ(၁၂၁၁၇)ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက် ထိုးနှံ လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အခြေအနေများကို စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် စောင့်ရှောက်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတအသင်း၊ အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)