မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန်တုံ   ဖေဖော်ဝါရီ   ၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁)စာစောင်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“ ဆန္ဒကြီးရင် ကြံသမျှ ပြီးမယ်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာအုပ်စာပေမှရရှိသော ဗဟုသုတ များဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်ဘုန်းမြတ်သော်ဇင် (ဒဿမတန်း)မှ စိတ်ဆန္ဒထက်သန်သူများဟာ ဝေးလံခေါင်းပါး အစွန်အဖျား ကျေးလက်တောရွာမှာ မွေးဖွားခဲ့သူဖြစ်ပါစေ၊ အထက်တန်းကျောင်းပညာ လေးတန်း စာမေးပွဲမအောင်ခဲ့ဖူးသူဖြစ်ပါစေ၊ ပဲရိုက်၊ နှမ်းစိုက်၊ တောင်သူယာလုပ်၊ သစ်ငုတ်တူး၊ ထင်းခုတ်၊ အလုက်ကြမ်းလုပ်ခဲ့ရတဲ့ တောသားလေးပင် ဖြစ်ပါစေ၊ အပင်ပန်းခံ နည်းလမ်းမှန်နဲ့ ထက်ထက်သန်သန် ဇွဲရှိရှိ ကြိုးစားရင်ထူးထူးခြားခြား အောင်မြင်တတ်ကြောင်း၊ အစရှိသည် များကို တက်ရောက် လာသူကျောင်းသူများမှ တစ်ဦးချင်းဖတ်ကြားကြပြီး “ဆန္ဒကြီးရင် ကြံသမျှ ပြီးမယ်” ခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။