တောင်သာမြို့နယ် ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ၌ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ တွေ့ဆုံပွဲဆောင်ရွက်

တောင်သာ ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူ များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ  ၈ ရက်နေ့ နံနက်ပိုင်းက ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ များသို့ သွားရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေး ဆောင်ရွက်ချက်များ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး နေမျိုးသူက အုပ်ချုပ်ရေးကဏ္ဍကို လည်းကောင်း၊ မြို့နယ်ရဲမှူး ရန်နိုင်စိုး က နိုင်ငံရေးအကြောင်းကိုလည်းကောင်း၊ လူမှုရေးအကြောင်းကို မြို့နယ် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း၊ ဒေသဖွံ့ဖြိုး ရေး အကြောင်းကို သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း၊ စည်းရုံးရေးအကြောင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ရသစ်ကျေးရွာဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူ (၃၀၀) ဦးခန့်နှင့် ကျောဇီကျေးရွာ ဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျေးရွာနေပြည်သူများက သိရှိလိုသော အကြောင်းအရာများနှင့် ကျေးရွာလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)