မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

မော်လမြိုင်     ဖေဖော်ဝါရီ     ၁၀

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေ ခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် ပြိုင်ပွဲများကို​ ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကျင်းပပေးခဲ့ ရာ ယမန်နေ့နံနက်၉နာရီက မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းဦးသာညှင်းခန်းမ၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်ပညာရေးမှူးရုံးမှ   ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က အဖွင့်အမှာစကားပြောကြားပေးပြီး  အကဲဖြတ်ဒိုင်ချုပ်က ပြိုင်ပွဲ စည်းမျဉ်း၊  စည်းကမ်းများကို   ရှင်းလင်းပေးသည်။ပြိုင်ပွဲစတင်ခဲ့ရာတွင် မွန်ပြည်နယ် (၁၀)မြို့နယ် အတွင်းမှ ကျောင်းသား၊ကျောင်း သူ(၁၁)ဦးက "ပြည်ထောင်စုနေ့ မိခင်မှသန္ဓေတည်  လွတ်လပ်ရေးအမွေကို မွေးဖွားသည်”​ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မွန်ပြည်နယ်(၁၀)မြို့နယ် အတွင်းရှိ ပညာရေး ဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ကျောင်းသူများ  တက် ရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင်  ပြည်ထောင်စုနေ့ သက်ဆိုင်သည့်   အကြောင်းအရာများ သိရှိစေရန်၊မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်စေရန်၊ကာယ၊ဉာဏစွမ်းရည်ထက်မြက်တိုးတက်လာစေရန်နှင့် အမျိုး ဘာသာ၊သာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်လိုသောစိတ်ဓာတ် ကောင်း များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)