ကျိုက်မရော ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ အဆိုပါ အင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ငါးဖမ်းပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်းတွင် ရိုးရာမပျက် ပြုလုပ်ကျင်းပလေ့ရှိပြီး ငါးဖမ်းပွဲတော် ကျင်းပမည့် သတင်းအား မီဒီယာများမှ တစ်ဆင့်ကြော်ငြာထားပြီးဖြစ်ရာ ငါးဖမ်းပွဲတော် မကျင်းပမီ ရက်ပိုင်းမှ စတင်ကာ ငါးဖမ်းဝါသနာပါသူများ၊ ရပ်ဝေးရပ်နီးမှ အပျော်တမ်း ငါးဖမ်းဝါသနာပါသူများက အဆိုပါ ငါးဖမ်းမည့် အင်းအတွင်းသို့ တစ်ပျော် တစ်ပါး လာရောက်ငါးဖမ်းလေ့ရှိကြကြောင်း အဆိုပါကျေးရွာနေ ဒေသခံများက ပြောသည်။
ဒေါင်းဒင်အင်းငါးဖမ်းပွဲတော်ကို နှစ်စဉ်ပြာသိုလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ နောက်ကျမှ ကျင်းပခွင့်ရရှိပြီး ယခုနှစ်တွင် ငါးဖမ်းပွဲတော်သို့ ရွာနီးချုပ်စပ်မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်း ငါးဖမ်းသူ များက ရိုးရာမပျက် ပျော်ရွှင်စွာ ငါးများဖမ်းယူကြပြီး ဖမ်းယူရရှိသော ငါးများကို ပျော်ပျော် ပါးပါးချက်ပြုတ်ကြော်လှော် စားသောက်ကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်း၊ ဆောင်းဘောက်များဖွင့်ကာ သီဆိုတီးမုတ်ကခုန်လေ့ရှိကြ ကြောင်း၊ အဆိုပါအင်းအတွင်း ငါးအမျိုးအစားပေါင်းစုံရှိ၍ ဖမ်း၍ မကုန်နိုင်အောင် များပြား ကြောင်း၊ အဆိုပါ ငါးဖမ်းပွဲတော်ကို လေ့လာရန် ရောက်ရှိနေသည့် ဝါသနာရှင် ဦးလင်းထွန်းက ပြောသည်။ ငါးဖမ်းပွဲတော်ကျင်းပရာ ဒေါင်ဒင်အင်းကြီး၌ ငါးကြင်း၊ ငါးခူများ ငါးဘတ်များနှင့် အခြားငါးမျိုးစုံတို့ရှိနေပြီး ဖမ်းရလည်း လွယ်ကူသဖြင့် ပျော်စရာအလွန် ကောင်းသော ရိုးရာပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်ပလေ့ရှိကာ မွန်ပြည်နယ်အတွင်း ထင်ရှားသော ရိုးရာပွဲတော်တစ်ခုအဖြစ် ဒေသခံများမှ အစဉ်အလာမပျက် ကျင်းပလေ့ရှိ ကြောင်း ရေပူကော့စပ်ကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)