ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၉

(၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့် မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီ အဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲတွင် (၇၄) နှစ်မြောက် ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်များ က တစ်ဦးချင်း မိတ်ဆက်ကြပြီး ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ထံပေးအပ်ပြီး နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးအဖွဲ့ ကိုယ်စား အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေး ဦးစီးကော်မတီအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အယ်ဒီတာအဖွဲ့ဝင် (၉) ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၂၇ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး ယခုလို စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် စာရေးဆရာများအား မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ချီးကျူးဂုဏ်ပြုပါကြောင်း၊ လာမည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးကိုလည်း စာ‌ရေးဆရာများအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့် လက်တွဲပြီး ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေးကို တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်