ဘူးသီးတောင်မြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ၂၅ ရာခိုင်နှုန်းအနားယူ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင် ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၂၅ရာခိုင်နှုန်း အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားကိုဖေဖော်ဝါရီ(၇) ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာအခမ်းအနားကို``နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်၊ ပြည်နယ်သံဃာ့နယ ကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍတဘဒ္ဒန္တသောမထံမှ သြဝါဒခံယူကြသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးကသာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားကြသည်။

ဆက်လက်၍ လစ်လပ်လျက်ရှိသည့်မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ (၂)ပါး၊ ရပ်/ကျေး သံဃာ့နာယက အဖွဲ့ဝင်များကို မြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်များမှ အဆိုတင်သွင်းပြီး တက်ရောက်လာသည့် သံဃာတော်များထံမှ ထောက်ခံအတည်ပြုချက်ရယူကာ ဥက္ကဋ္ဌ အဖြစ် သာသနာ့အလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါရိန္ဒ၊ ဒုဥက္ကဋ္ဌအဖြစ် လောင်းချောင်းဆရာတော် ဘဒ္ဒန္တစန္ဒဝံသနှင့် အဖွဲ့ဝင် (၆)ပါးတို့ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်တာဝန်ပေးခဲ့ကြပြီး သဘာပတိဆရာတော်နှင့် တက်ရောက်သံဃာတော်များက သာဓု(၃)ကြိမ် ခေါ်ဆိုအတည်ပြုခဲ့ကြကာ``ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့စစ်တွေမြို့ဓမ္မသုခကျောင်းတိုက်၊ ပြည်နယ်သံဃာနယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍတဘဒ္ဒန္တသောမနှင့် အဖွဲ့ဝင်များ၊ ဘူးသီး တောင်မြို့နယ် သံဃာ့နာယကအဖွဲ့နှင့် သံဃာ့ဝန်ဆောင်ဆရာတော် အပါး( ၃၀)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှကျော် ( ပြန်/ဆက်)