ကာလိ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲတို့ကို ယနေ့နံနက် (၉)နာရီအချိန်တွင် ခင်းကျင်း ဆောင်ရွက် ပြသပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် မြန်မာ့နေ့ထူးနေ့မြတ်များဆိုင်ရာ စာစီစာကုံးစာအုပ်များ၊ ပြည်ထောင်စုနေ့ဆိုင်ရာ သိကောင်းစရာများနှင့် ဗဟုသုတရဖွယ်သုတ၊ ရသစာအုပ်များကို ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေ ဖတ်ရှုလေ့လာမှု တိုးတက် လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စာအုပ်စာစောင်ပြပွဲအပြင် ပြည်ထောင်စုနေ့ဆိုင်ရာ ဓာတ်ပုံများ၊ကဗျာနှင့်ကာတွန်းများ၊ ကျောင်းသား/သူများ သိသင့်သိထိုက်သည့် အသိပညာပေး နံရံကပ်စာစောင်များအပါအဝင် ဆောင်ရွက်ပြသပြီး မိမိနှစ်သက်ရာ စာအုပ်စာစောင်များကိုလည်း မြို့ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်းကို စာအုပ်စာစောင်ပြပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့ဦးစီးမှူးက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ ပြန်/ဆက်)