မြို့နယ်သံဃနာယကအဖွဲ့(၂၅)ရာခိုင်နှုန်း အနားယူ/အစားထိုးရွေးချယ်ခြင်းနှင့် ဆဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထနှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ (၂၅)ရာခိုင်နှုန်း အနားယူ/အစားထိုးရွေးချယ်ခြင်းနှင့် ဆဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထနှစ် ပတ်လည် မျက်နှာစုံညီအစည်းအဝေးကို၊ ဖေဖော်ဝါရီ (၈)ရက်နေ့ မွန်းလွဲ(၂)နာရီက မြိုဦးအောင်စေတီဝန်းအတွင်းရှိ စကားဝါဗိမ္မာန်တော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဘဒ္ဒန္တဓမ္မာဝုဓ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မြတ်ရွှေဂူ စာသင်တိုက် ဆရာတော် အား အခမ်းအနား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ပြီး၊  ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃနာယက အဖွဲ့ ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ဝင်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြသည်။ ယင်းနောက် သဘာပတိဆရာတော်က ဩဝါဒကဌာ မြွက်ကြားပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ (၂၅) ရာခိုင်နှုန်း အနားယူ/ အစားထိုး ရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထနှစ်ပတ် လည်မျက်နှာစုံညီအစည်းအဝေးတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်အမှာစကား မြွက်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ဆရာတော်ကြီးများနှင့် ထပ်ဆောင်း ထိုးနှံမည့် ဆရာတော်ကြီးများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဓမ္မာဝုဓအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အမှူး ပြုသည့် သံဃာတော်အရှင်သူမြတ်(၁၃၂)ပါး တက်ရောက်တော်မူကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် နှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေလင်းသိန်း၊ မြို့နယ် သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်ကလပ် ဘုရားဘဏ္ဍာထိန်းဂေါပကအဖွဲ့များ၊ မြို့ပေါ် ဘုရားစေတီအသီးသီးမှ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ ခရိုင်တိုင်းရင်းဆေး ဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)