ရသေ့တောင် ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးခဲ့သည့် ပညာရေး ဝန်ထမ်းများအား ထပ်ဆောင်း Booster dose စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ သတ်မှတ်စုရပ် အသီးသီး၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအား သတ်မှတ်စုရပ်များဖြစ်သည့် မြို့မစုရပ်၊ ကူတောင်စုရပ်၊ လောင်းချေင်းစုရပ်၊ စေတီပြင်စုရပ်နှင့် ဘာထလေစုရပ်များတွင် အခြေခံပညာကျောင်းများ၌ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၃၁၄)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ထိုနှံပေးလျက်ရှိပြီး ဌာန ဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster dose ထိုးနှံပေးရာတွင် Covishield အမျိုးအစား နှစ်ကြိမ် ပြည့်ထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံခဲ့သည့် သက်တမ်းခြောက်လနှင့် အထက် ပြည့်ပြီးသူ များကိုသာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)