ဆီးသီး အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရ

မြင်းခြံ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာရှိ ဆီးခြံစိုက်ပျိုးသူများ ဆီးသီး (ဆီးပန်းသီး) အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရကြောင်း တူရွင်းဘို့ကျေးရွာ ဆီးခြံစိုက်ပျိုးရောင်းချသူ ဦးပြုံးချိုထံက သိရသည်။

မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာတွင် ဆီးသီး(ဆီးပန်းသီး)ကို နှစ်စဉ် နိုဝင်ဘာလတွင် ဆီးပင်များ အပွင့်ပွင့်ကာ ဒီဇင်ဘာလဝက်မှ စတင်ကာ ဆီးသီး(ဆီးပန်းသီး)များကို တူရွင်းဘို့ကျေးရွာ အရှေ့ဘက် မြင်းခြံ-မြို့သာ-မန္တလေး ကားလမ်းတစ်လျောက်တွင် ရောင်းချလျက်ရှိရာ ယခင်နှစ် များက နိုင်ငံခြားသားများ၊ ပြည်တွင်းခရီးသွားများ ဖြတ်သန်းသွားလာသည့်အတွက် ဆီးသီး (ဆီးပန်းသီး) ရောင်းချသူများ အဆင်ပြေခဲ့သော်လည်း ယခုနှစ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသဖြင့် ခရီးသွားပြည်သူများ မရှိသောကြောင့် ဝယ်မည့်သူကို မျှော်နေရကြောင်း ဆီးသီး ရောင်းချသူ ဒေါ်စိန်က ပြောသည်။

ယခင်နှစ်များတွင် ဆီးသီးရောင်းချသူများအနေဖြင့် တစ်ရက်လျှင် ကျပ်သုံးသောင်းမှ ကျပ် လေးသောင်းငါးထောင်အထိ ရောင်းရကာ မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိသော်လည်း  ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားပြည်သူများ နည်းပါးသည့်အတွက် တစ်ရက်လျှင် ကျပ် တစ်သောင်းခန့်သာ ရောင်းချရသည့်အတွက် ဝယ်ယူသူကို မျှော်နေရကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)