သီပေါ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် သမဝါယမ ဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် သမဝါယမဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၃၅)အုပ်ခန့် အသစ်ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့ကြောင်းနှင့် ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်း နိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)