နမ္မတူ ဖေဖော်ဝါရီ ၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ် ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် အလယ်တန်းအဆင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ် လူရွယ်လေးများအား သမိုင်းဝင်ပြည်ထောင်စုနေ့နှင့် နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိနားလည်ပြီး လေးစားတန်ဖိုးထားတတ်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရှိလာပြီး စာအုပ်စာပေ ကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊ အချင်းချင်းရိုင်းပင်းကူညီ ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် လူအများအရှေ့တွင် ဦးဆောင် ဆွေးနွေးတတ်သော စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယခုလို (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်း ဖြစ်ကြောင်းရှင်း လင်းပြောကြားပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ် (၂၃)ဦး စသည့်အကြောင်းအရာများအား ကျောင်းသား/ကျောင်းသူလေးများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပရာ အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက ထူးချွန်ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံနံကပ်စာစောင် ဓါတ်ပုံပြပွဲအားပြသခဲ့ရာ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)