(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ ဝန်ထမ်းအိမ်ရာစခန်းတို့၌ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များဖွင့်ပွဲကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီး ခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ အဆောက်အအုံသစ်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း မေခအိမ်ရာစခန်းဝင်းအတွင်း၌ အသစ်တည်ဆောက်ခြင်းနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်း အတွင်း သက်တမ်းရင့် အိမ်ရာအဆောက်အအုံများအား လုပ်ထုံးလုပ်နည်းနှင့်အညီ နှစ်အလိုက် ဖျက်သိမ်းပြီး မလိခဝန်ထမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးမှု(Redevelopment Plan)အရ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆောက်အဦသစ်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချူပ် အောင်မျိုးဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က (၄)ခန်းတွဲ (၅)ထပ်ဝန်ထမ်းအိမ်ရာ ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကာ အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း တိုးတက်များပြားလာသည့် နိုင်ငံဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာစခန်းများကို တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစ်ကြီးနားမြို့ မလိခဝန်ထမ်းအိမ်ရာစခန်းအတွင်း ယနေ့အသစ် တည်ဆောက် ဖွင့်လှစ်သည့် ဝန်ထမ်းအိမ်ရာတိုက် (၂)လုံး အပါအဝင် မေခဝန်ထမ်းအိမ်ရာစခန်း တွင် (၄)ခန်းတွဲ (၄)ထပ်တိုက်(၂)လုံး၊ ရွှေကူမြို့နယ်တွင် (၄)ခန်းတွဲ (၄)ထပ်တိုက် (၁)လုံးဖြင့် စုစုပေါင်း တိုက်အသစ် (၅)လုံးတွင် အခန်းပေါင်း (၈၈)ခန်း တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ပြည်နယ်အတွင်း ဝန်ထမ်းအိမ်ရာ တိုက်အလုံးရေ (၇၄)လုံး အခန်းပေါင်း (၁၁၅၆)ခန်းထိရှိလာပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)