(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ  ဖေဖော်ဝါရီ  ၉

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ခမ်းအနားကို စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ နှင့်လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းကော်မတီအလိုက် တိတိကျကျနှင့် မြန်မြန်ဆန်ဆန် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပ်အပ်ပါကြောင်း၊ ငွေကြေးသုံးစွဲရာတွင် လေလွင့်မှု မရှိစေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့က ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေး မှူးတို့နှင့် တွေ့ဆုံညှိနှိုင်းပြီး လုပ်ဆောင်ကြစေလိုကြောင်း၊ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင်လည်း စေတနာထားပြီး စနစ်တကျဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ဖြစ်ပွားမှုကြောင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပမည့် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းကျင်းပနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ယခုညှိနှိုင်းအစည်း အဝေးတွင် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အခြားဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စများကို အသေးစိတ်ဆွေးနွေးတင်ပြကြစေလိုကြောင်းနှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟမှု မရှိစေရေး ပူးပေါင်းဆောင်ရွက် ကြစေလို ကြောင်းပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဦးစီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်က ၃/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်များ အား ဖတ်ကြားတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက  ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ တင်ပြဆွေးနွေး ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီးနိဂုံးချုပ်အမှာ စကားပြောကြားခဲ့ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)