သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ပညာပေးသင်တန်းဖွင့်လှစ်

သီပေါ     သြဂုတ်     ၂၇

သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရ ဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့ဟောင်းကျေးရွာတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သီပေါမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူထားသည့် တိရစ္ဆာန်အသေ အပျောက် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေး စသည်တို့အတွက် ရည်ရွယ်၍ နွားမေထုံမဲ့ သားစပ်နည်း သင်တန်း၊ တိရိစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကျွဲ/ နွားမွေးမြုရေး သင်တန်း၊ သိုး/ဆိတ်မွေးမြူရေး သင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ ကြက်မွေးမြူရေး သင်တန်းစသည်ဖြင့် ပညာရပ်(၆)မျိုးရှိရာ ယနေ့ ပြုလုပ်သည့် သင်တန်းသည် သိုး/ဆိတ်မွေးမြူ ထုတ်လုပ် ခြင်း ခေါင်းစဉ်ဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပို့ချခြင်း ဖြစ်ကြောင်းနှင့် အခြားပညာရပ်များကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သီပေါမြို့နယ် မြို့ဟောင်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ သင်တန်းသား ဦးရေ(၂၀)ဦးအား သိုး/ဆိတ် မွေးမြူထုတ်လုပ်သင်တန်း     သင်ခန်းစာကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)