ကျောက်ဆည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အန္တရာယ်မရှိစေရေးအတွက် ဗလီကွင်းကျေးရွာအဝင် သင်းတွဲမြောင်းပေါ်ရှိ ကွန်ကရစ် တံတားတစ်စင်းအား ပြန်လည်ပြုပြင် တည်ဆောက် လုပ်ပေးလျက် ရှိကြောင်းသိရှိရသည်။
အဆိုပါတံတားအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၃၃)သန်းအကုန်အကျခံကာ အလျား(၂၄) ပေ၊ အမြင့်(၈)ပေ၊ အကျယ်(၁၄)ပေ ပြန်လည်ပြုပြင် ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောက်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
တံတားပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးသွားပါက ဗလီကွင်းကျေးရွာမှ ပြည်သူများသွားလာရာတွင် အန္တရာယ်ကင်းစွာနှင့် အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်ပြီး လယ်ယာကုန်ထုတ်လုပ်ငန်းများ သယ်ယူရာတွင် အချိန်ရာသီမရွေး သယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)