မိုင်းဖြတ်မြို့နယ်၌ တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရေတိုင်ပေါင်း (၁၅၀) ဖြန့်ဝေပေးနိုင် 

မိုင်းဖြတ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းတို့က ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်နှင့် တာဝန်ရှိသူများက တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု လုပ်ငန်းအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၃ လပတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ‌ငွေ ငွေကျပ် (၁၉.၈) သန်းဖြင့် ၄ လက်မပိုက်၊ ရေပိုက်သွယ်တန်း အရှည် (၃၅၀၀) ပေ အတိုင်းအတာရှိသည်။ ယခင်က(နမ့်ဆန်) မြို့ရေဖြန့်ဝေရေးလုပ်းငန်းတွင် ရေတိုင် (၉၀) ရှိပြီး ယခုအခါ တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီသည့်အတွက် ရေတိုင် (၆၀) ခန့်တိုးမြှင့် ဖြန့်ဝေ ပေးနိုင်မည်ဖြစ်ပြီး စုစုပေါင်း ရေတိုင်(၁၅၀)အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး