နမ္မတူ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများထိုးနှံ ပေးလျက်ရှိရာ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၂၂ဦးအား ပထမအကြိမ် CoviShield အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် CoviShield အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာ ရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်း တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၃၀၆ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၉၆၄ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၉၂ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည် သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၄၅၄ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)