ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများသည် ဆလပ်အမျိုးမျိုး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစား ဝတ်နေရေးဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ဖူးချိုးဆလပ်စိုက် ပျိုးတောင်သူ ဦးတင်ထွန်းအောင် ထံက သိရသည်။
ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြပြီး ဟင်းသီးဟင်းရွက်အမျိုးမျိုးစိုက် ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေနေကြကြောင်း၊ ဈေးကွက်အတွင်း အမြန်ရောက် ရှိပြီး စိုက်ပျိုးအကြီးမြန်၊ အဖြစ်မြန်သည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းဖြင့် မိသားစု အမြန်ဝင်ငွေ ဖော်ဆောင်နိုင်သည့် ဆလပ်အမျိုးမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။ ဆလပ်စိုက်ပျိုးခြင်းသည် အနံနှစ်ပေ၊ အလျား ၁၅ ပေခန့် ဘောင်တင်ပြီးကြဲပက် စိုက်ပျိုးခြင်း၊ ပျိုးကြဲပြီးမှ ပြန်လည်နှုတ်ယူ စိုက်ပျိုးခြင်းများရှိကြပြီး ဖူးချိုးဆလပ်ပင်များသည် ကြဲပက်ပြီး သုံးရက်အတွင်း အပင်ပေါက်ကာ ၄၅ ရက်အရောက်တွင် ခူးယူရောင်းချရကြောင်း ဦးတင်ထွန်းအောင်က ရှင်းပြသည်။ ဖူးချိုးဆလပ်ပင်များသည် ခေါင်ညွန့်ချိုးယူပြီး နောက်ထပ် နှစ်ရက်မြောက်နေ့တွင် ထွက်ရှိလာသည့် ဆလပ်ဖူးများကို ခူးယူရောင်းချကြကြောင်း သိရသည်။ ဖူးချိုးဆလပ်ပင်များသည် တစ်ဖူးချိုးပြီးတိုင်း နှစ်ဖူးမှ သုံးဖူးအထိ ပြန်ထွက်လေ့ရှိပြီး နှစ်ရက် တစ်ခါ၊ သုံးရက်တစ်ခါ ခူးချိုးရောင်းချရကြောင်း၊ ဆလပ်ကိုင်း(ဖူး) လေးဖူးလျှင်တစ်စည်း၊ ငါးဆယ်ကျပ်ရောင်းချရပြီး၊ သုံးရက်တစ်ခါ ခူးချိုးရောင်းချနေရခြင်းကြောင့် အမြန်ငွေပေါ်လွယ် သည့် ဖူးချိုးဆလပ်အား ကျေးလက်တောင်သူများ စိုက်ပျိုးသင့်ကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်က ရှင်းပြသည်။ ကြက်မောက်တောင်ဆည်ပတ်ဝန်း ကျင်ကျေးရွာများသည် ပင်ဆိုင် ဆလပ်၊ ဆလပ်ခါး၊ ရိုးရိုးဆလပ်၊ ပန်းဂေါ်ဖီ(ဆလပ်) ဖူးချိုးဆလပ်များ စိုက်ပျိုးကြပြီး ဖူးချိုး ဆလပ်သည် တစ်လအတွင်း အပင်ဖြစ်ထွန်းခြင်းကြောင့် မြေအောက်ရေသွင်း စိုက်ပျိုးသည့် ဆလပ်မျိုးများတွင် ဖူးချိုးဆလပ်သည် အပင်ဖြစ်လွယ်ပြီး အမြန်ရောင်းချရခြင်းကြောင့် ငွေအမြန်ပေါ်သည့်အတွက် မိသားစုစားဝတ်နေရေး ကျေးလက်တောင်သူတိုင်း စိုက်ပျိုးသင့် သည့် ဆလပ်မျိုးဖြစ်ကြောင်း သိရသည်။
ကိုထိန်၊ KPD