မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံနေမှုနှင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်ပန်းချီနှင့် ကဗျာပြိုင်ပွဲ ကြည့်ရှုအားပေး

မော်လမြိုင် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌  ဆရာတော်၊ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင် ဆရာလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များအလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံနိုင်ရေး   အထူအလေးထား  ဆောင်ရွက်သွားရန်၊ အိုမီခရွန် ရောဂါပိုးသည် ယခုအခါ ပျံ့နှံ့မှုများရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် အသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်  ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို  လမ်းညွှန်မှာကြားသည်။

မွန်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose အား (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံမှုကို မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ်များအလိုက်   သတ်မှတ်နေရာ အသီးသီးတွင် ဖေဖော်ဝါရီလဆန်းမှ ဆက်လက်ထိုးနှံပေးနေဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီပြီး ကာကွယ်ဆေးထိုး နှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်    အထက်တန်းအဆင့် ပန်းချီ၊  ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲကို မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်း  အခြေခံပညာကျောင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ  ပန်းချီပြိုင်ပွဲတွင်  "စိန်ရတု ပြည်ထောင်စုနှင့် အနာဂတ်   ရောင်စုံပန်းခင်းများ"  ခေါင်းစဉ်ဖြင့် ကျောင်းသား၊    ကျောင်းသူ(၁၇)ဦး၊   ကဗျာပြိုင်ပွဲတွင်" ပြည်ထောင်စုအမွေ၊      ကမ္ဘာတည်စေ"    ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင်(၁၈) ဦးနှင့်  ဆောင်းပါး ပြိုင်ပွဲတွင် (၅)ဦးတို့က  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲကိုလည်း   ဆက်လက် ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)