သီပေါ သြဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (CERP) အစီအစဉ်အရ စိုက်ပျိုးရေး ဦးစီးဌာနမှ မှော်ဘီ−၂စပါး မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဘက်စုံနည်ပညာသုံး စံပြ ကျေးရွာဖြစ်သည့် နားခဲကျေးရွာရှိ တောင်သူ ဦးစိုင်းသာညွန့်၏ ဆန်စက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်း၊ အထက်မြန်မာပြည် မျိုးစေ့တာဝန်ခံ ဒေါ်စိုးစိုးရီ၊ ကွင်းဆင်း စစ်ဆေးခြင်း တာဝန်ခံ ဒေါ်နော်ရှာရိုဖော၊ အထက်မြန်မာပြည်မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးဇော်ဝင်းတို့က ဆွေးနွေး ပို့ချခဲ့ပြီး သီပေါမြို့နယ် ဆားတွင်း ကျေးရွာနှင့် နားခဲကျေးရွာတို့မှ မှော်ဘီ(၂) စပါးနှင့် မိုးစပါး(RS-CS)မျိုးစေ့ထုတ် တောင်သူ (၂၄)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများ နားလည်တတ်ကျွမ်းစေရန်၊ ကိုယ်တိုင် မျိုးစေ့ထုတ်တတ် လာစေရန်၊ ဒေသအတွင်း စပါးမျိုးစေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် မျိုးစပါးအဖြစ် ပြန်လည် ရောင်းချပြီး အကျိုးအမြတ်များ ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း သီပေါ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်သူများ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများသို့ အဆိုပါအဖွဲ့တို့မှ ကွင်းဆင်း စစ်ဆေးကြည့်ရှု ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မွန်းလွဲပိုင်း၌ စိုက်ပျိုးရေးဦးစီးဌာန သီပေါမြို့နယ်ရုံးတွင် နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးမှူး များနှင့် မြို့နယ်ရုံးဝန်ထမ်းများအား နည်းပညာပေးသင်တန်း ဆွေးနွေးပို့ချခြင်းနှင့် ဝန်ထမ်းများ အရည်အချင်းစစ် စာမေးပွဲစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါပြန်/ဆက်)