(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ များတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၏ ရင်တွင်းစကားသံများ

နေပြည်တော် ဖေဖော်ဝါရီ ၈

ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံ အဆောက်အအုံဖြစ်သည့် အားလျော်စွာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်ကျောင်းသားလူငယ်များ မွေးထုတ်ပေးရေးကို အစဉ် တစိုက် ဆောင်ရွက်လျက်ရှိသည်နှင့် အညီ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိ သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများသို့လာရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ၎င်းတို့၏ ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကို ရေးသား ဖော်ပြလိုက်ရပါသည်။

ဒေါ်စန်းစန်းအေး၊ မြို့နယ်ပညာရေးမှူး၊

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ နေပြည်တော်တိုင်း အတွင်းမှာရှိတဲ့ အထက်တန်းအဆင့် သင်ကျောင်းတွေမှာ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီနဲ့ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့ဒီကနေမှ မြို့နယ် အဆင့်၊ တိုင်းအဆင့် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်မျိုးစီကို ကျောင်းသူ၊ ကျောင်းသားရှစ်ဦး၊ ပြိုင်ပွဲက ငါးမျိုးဆိုတော့ လေးဆယ်ဦးပါဝင် ယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ကျောင်းသား၊ ကျောင်းသူတွေကို အရင်ဦးဆုံးကျောင်းအဆင့် ယှဉ်ပြိုင်စေပါတယ်။ အဲ့ဒီမှာ ပထမရတဲ့သူတွေကို မြို့နယ်အဆင့်၊ မြို့နယ်အဆင့်မှာ ပထမရတဲ့သူတွေကို တိုင်းအဆင့် ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။

ပြည်ထောင်စုအလံကြီးကို ရန်ကုန်မြို့ကနေ နေပြည်တော်အထိ သယ်ဆောင်လာမှာ ဖြစ်ပါ တယ်။ အဲ့လိုမျိုးမြင်ရ၊ ကြားရမှာဖြစ်တဲ့အတွက် ကျွန်မတို့က အတိုင်းမသိဝမ်းသာပါတယ်။ ပြည်ထောင်စုကြီး တည်တံ့ပြီးတော့ တိုင်းရင်းသားများ စည်းစည်းလုံးလုံးနဲ့ မြန်မာ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲအောင် မျိုးဆက်သစ်လူငယ်အတွက် ပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။

ဒေါ်ဝတ်ရည်ဇော်၊ အထက်တန်းပြ၊ အ.ထ.က(၂၀)၊ပုဗ္ဗသီရိမြို့

ကျွန်မတို့က ကျောင်းအဆင့်အနေနဲ့ကတော့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ကျွန်မတို့ကျောင်းက မြို့နယ်အဆင့် မှာ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲမှာ ပထမရခဲ့ပါတယ်။ ပန်းချီမှာ တတိယရပါတယ်။ စာစီစာကုံး ဆိုရင် နိဒါန်း၊ စာကိုယ်၊ နိဂုံးကို စာစီစာကုံးခေါင်းစဉ်နဲ့ အညီ ရေးသားနိုင်ဖို့ သင်ပြပါတယ်။ အချက်အလက်တွေလည်း ရှာဖွေပေးတယ်။ သူတို့ရဲ့ တီထွင်ဉာဏ်နဲ့လည်း ရေးသားနိုင် အောင် သင်ကြားပေးခဲ့ပါတယ်။ စာအုပ်စာတမ်းတွေ လိုအပ်တဲ့ ပြင်ပဗဟုသုတွေလည်း ပြောပြပေးပါတယ်။

ပြည်ထောင်စုနေ့က (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပါပြီ။ ကြုံတောင့်ကြုံခဲနေ့ထူး နေ့မြတ် တစ်ရက်ဖြစ်ပါတယ်။ လွတ်လပ်ရေးကြီးမှာ ပြည်ထောင်စုစိတ်ဓာတ်က အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လက်တွဲသွားမယ် ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးက ကမ္ဘာမှာ မြန်မာဆိုပြီးတော့ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲမယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများဖြစ်အောင် ဒီကနေ့ စပြီး ကြိုးစားကြပါလို့ ကျောင်းသား၊ ကျောင်းသူလေးများကို ပြောကြားချင်ပါတယ်။

ဒေါ်သန်းသန်းအေး၊ အထက်တန်းပြ၊ အ.ထ.က(၁)၊ပျဉ်းမနားမြို့

ကျွန်မတို့ကျောင်းက ကျောင်းတွင်းပြိုင်ပွဲမှာ  ပထမရကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို မြို့နယ်အဆင့်မှာ ထပ်ပြိုင်ပါတယ်။ ကျွန်မတို့ ကျောင်းက ပန်းချီနဲ့ ဆောင်းပါးမှာ ပထမရပါတယ်။ အခုနေပြည်တော်တိုင်းအဆင့်မှာ ပထမရတဲ့နှစ်ဦးက ဝင်ရောက်ယှဉ်ပြိုင် တာဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ်ဆိုတာ ကြားသိရတာနဲ့ ကျွန်မတို့မြို့နယ်အနေနဲ့ ပြိုင်ပွဲဝင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို စိန်ရတုပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို စာကြည့်တိုက်တွေမှာ ရှာဖွေပါတယ်။ ဆောင်းပါးပြိုင်မယ့် ကျောင်းသူလေးကိုဆိုရင် ကျောင်းသင်ခန်းစာမှာပါတဲ့ ဝတ္ထုတိုရေးနည်း၊ ဆောင်းပါးရေးနည်း လေးကို တကယ့်စာရေးဆရာကြီးတွေရေးတဲ့ ဆောင်းပါးရဲ့ အညွှန်းလေးတွေ၊ ဘယ်လိုရေး တယ်ဆိုတာ တွေကိုလေ့လာဖို့ ရှာဖွေပေးပါတယ်။ အဲ့ဒါတွေလေ့လာပြီးတော့ အကောင်းဆုံး ကို ပြင်ဆင်ပါတယ်။ အခုဆိုရင် နေပြည်တော်တိုင်းအဆင့်မှာ ဆိုရင်လည်း ဆောင်းပါး ပြိုင်ပွဲမှာ ဒီကလေးက ပထမဆုရပါတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ကျွန်မတို့ကျောင်းရဲ့ ပြိုင်ပွဲတိုင်း ဟောပြောပွဲတိုင်းမှာ မျိုးချစ်စိတ်ဓာတ်ရှင် သန်ဖို့အမြဲတမ်းပြောပေးပါတယ်။

ဒေါ်ဖြူဖြူဝင်း၊ အလယ်တန်းပြ၊ အ.ထ.က(၈)၊ ဇမ္ဗူသီရိ

ကျွန်မတို့ကျောင်းအနေနဲ့ကတော့ ကဗျာ၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကား ပြောပြိုင်ပွဲတွေ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ လေးမျိုးပြိုင်ရာမှာ ကျွန်မတို့ကျောင်းက သုံးဆုရရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကျောင်းတွင်းပြိုင်ပွဲတွေကို မကြာမကြာ လုပ်ပေးဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြမယ့် စိန်ရတုပြည်ထောင်စုနေ့နဲ့ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပပြုလုပ်တော့မယ့် ဗိုလ်ရှုသဘင်ပွဲကြီးကိုလည်း တက်ရောက်ရမှာ ဖြစ်တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ အနာဂတ်လူငယ် ကျောင်းသား၊ ကျောင်းသူ လေးတွေကိုလည်း နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင် ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

မောင်ပြည့်သျှံဦး၊ Grade(10) အ.ထ.က(၁)၊ ဇေယျာသီရိ

ကျွန်တော်က ကျပန်းစကားပြောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် နိုင်ဖို့ အတွက် စာတွေဖတ်ရတယ်။ ပြောနိုင်ဆိုနိုင်ဖို့အတွက် လေ့ကျင့်ကြရတယ်။ ကျပန်းစကား ပြောပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူတွေရဲ့ အစ်ကို၊ အစ်မတွေဆီကနေ အတွေ့အကြုံတွေ ယူရပါတယ်။ ပြောမယ်အကြောင်းအရာတွေကို သူတို့ကို ဖတ်ခိုင်းပြီး လိုအပ်တဲ့နေရာမှာ ပြင်ဆင်တာတွေ ပြုလုပ်ရပါတယ်။ ကိုယ်တိုင်လည်း အများကြီးလေ့ကျင့်ရပါတယ်။ ဒီလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ပြိုင်ပွဲတွေ ဝင်ရတာဖြစ်တဲ့အတွက်လည်း အများကြီးလေ့ကျင့် ခဲ့ရပါ တယ်ခင်ဗျ။ ကျပန်းစကားပြောပြိုင်ပွဲတွေမှာ ကျွန်တော်ကအမြဲဝင်ရောက် ယှဉ်ပြိုင်ဖြစ် ပါတယ်။

စိန်ရတုပြည်ထောင်စုနေ့ကို သမိုင်းတစ်လျှောက်လုံးမှာ တစ်ခါပဲကြုံတွေ့ရမှာ ဖြစ်တယ်လေ။ အခုဆိုရင် စိန်ရတုပြည်ထောင်စုပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲရတော့မှာ ဖြစ်တဲ့ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲရ တော့မှာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်တောင် သမိုင်းရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရခဲ့တယ်လို့ မှတ်ယူပြီး ဂုဏ်ယူမိပါတယ်။

မအေးပြည့်ပြည့်မင်း၊ Grade(10) အ.ထ.က(၁)၊ ပျဉ်းမနား

သမီးကတော့ ဆောင်းပါးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ တခြားပြိုင်ပွဲတွေမှာ တော့ မပြိုင်ခဲ့ဖူးပါဘူး။ သမီးတို့က အခုဆိုရင် Grade (10)ကနေ စပြီးတော့ ဆောင်းပါး တွေ ဝတ္ထုတိုတွေ အလင်္ကာတွေ ရသစာပေတွေကိုဘယ်လို ရေးသားရမယ် ဆိုတာကို သင်ကြား ပေးခဲ့လို့ ဆောင်းပါးရေးတယ်ဆိုတာ အရမ်းကြီးတော့ မခက်ခဲခဲ့ပါဘူး။ သမီးကတော့ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲခွင့် ရတော့မှာဖြစ်တဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်။

မောင်စောသီဟထွေး၊ Grade(11)၊ အ.ထ.က(၃)၊ ပုဗ္ဗသီရိ

ကျွန်တော်ကတော့ ပန်းချီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပန်းချီပြိုင်ပွဲဝင်ဖို့ အတွက် ပန်းချီဆရာကြီးတွေဆီမှာ သင်ကြားခဲ့ပါတယ်။ အရင်တုန်းကလည်း ကျောင်းက ပန်းချီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ငယ်ငယ်လေးကတည်းကလည်း ပန်းချီ ဆွဲတာကို ဝါသနာပါခဲ့တာပါ။ စိန်ရတုပြည်ထောင်စုနေ့ကြီးကို ကြုံရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

မမိုးပပကြည်၊ Grade(10)၊ အ.ထ.က(၈)၊ ဇမ္ဗူသီရိ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ပြိုင်ပွဲမှာ သမီးက ကဗျာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ သမီးက အိမ်မှာနေရင်း လည်း တစ်ခါတလေ ကဗျာလေးတွေ စပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာပြိုင်ပွဲဝင်တာကတော့ ဒါကပထမဆုံးဖြစ်တဲ့အတွက် နည်းနည်းလေးတော့ ခက်ခဲပါတယ်။

မမိုးမဒီလွင်၊ Grade(10)၊ အ.ထ.က(၂)၊ လယ်ဝေး

သမီးက စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေနဲ့ကျင်းပတဲ့ပြိုင်ပွဲမှာ ဆောင်းပါး ရေးသားပြီး ပြိုင်ပွဲဝင်သွားမှာပါ။ ဆောင်းပါးရေးသားပြိုင်ပွဲဝင်နိုင်ဖို့ နေ့စဉ်ထုတ် သတင်းစာ တွေ ဖတ်ရှုပါတယ်။ များသောအားဖြင့် အယ်ဒီတာအာဘော်နဲ့ ဆောင်းပါးတွေဖတ်ပြီး သတင်း အချက်အလက်တွေရှာတယ်။ စာကြည့်တိုက်ကနေ စာအုပ်တွေကို နေ့စဉ်ငှားပြီး ဖတ်ဖြစ်တဲ့အတွက်ကြောင့် အချက်အလက်တွေက စုမိဆောင်းမိရှိပါတယ်။ ရေးမယ့် အကြောင်းအရာတွေကို ဆရာမတွေနဲ့ တိုင်ပင်ပြီး ရေးဖြစ်တာပါ။ ငယ်ငယ်လေးတုန်းက တော့ စာစီစာကုံးပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့တိုင်ခဲ့ပြီ ရောက်ခဲ့ပြီဆိုတော့ ဝမ်းမြောက်မိပါတယ်။ တိုင်းရင်းသားတွေနဲ့ တစ်စုတစ်စည်းတည်း တက်ရောက်ကြတဲ့ အခမ်းအနားကျင်းပတဲ့အတွက်လည်း အားတက် မိပါတယ်။

မောင်ရွှေသတ္တိ၊ Grade(10)၊ အ.ထ.က(၂၀)၊ ပုဗ္ဗသီရိ

ကျွန်တော်က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေနဲ့ကျင်းပတဲ့ ပြိုင်ပွဲမှာ ကဗျာ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲမှာ ကဗျာပြိုင်ပွဲလည်း ပါတယ်ဆိုလို့ ကျွန်တော်အရမ်းပျော်သွားတယ်။ မြို့နယ်အဆင့်မှာ ပြိုင်တော့ ကျွန်တော် ပထမဆုရပါတယ်။ အခုတော့ တိုင်းအဆင့်ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင် ရတော့မှာဖြစ်ပါတယ်။ စိန်ရတုပြည်ထောင်စုနေ့မှာသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ စေဖို့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေက ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

မသက်ထက်နှင်း၊ Grade(10)၊ အ.ထ.က(၈)၊ ဇမ္ဗူသီရိ

သမီးက ကျပန်းစကားပြောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သမီးက ပြိုင်ပွဲ အတွေ့ အကြုံလည်း တစ်ခါမှမရှိတော့ ဆရာမတွေဆီကနေ အကူအညီတွေယူခဲ့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးကို မပြိုင်ဖူးလို့ သမီးအနေနဲ့ အများကြီးအချိန်ယူ လေ့ကျင့်ခဲ့ရပါတယ်။ ဒီတစ်နှစ် မှာတော့ ပြည်ထောင်စုနေ့ကြီးကို သမီးအနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင် ဆင်နွှဲခွင့် ရလို့ အရမ်းဝမ်းသာမိပါတယ်ရှင်။

မတည်သန့်ဖြူစင်၊ Grade(10)၊ အ.ထ.က(၂၀)၊ ပုဗ္ဗသီရိ

သမီးအနေနဲ့ ဒီပြိုင်ပွဲကြီးမှာ စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သမီးက ကျောင်းမှာ စာစီစာကုံးပြိုင်မယ့်သူရှိလားလို့ မေးတဲ့အခါမှာ ချက်ချင်းပဲ သမီးပြိုင်ပါမယ်လို့ ပြောလိုက်ပါတယ်။ စာစီစာကုံးစာအုပ်တွေ ဖတ်ပါတယ်။ ကျောင်းစာကြည့်တိုက်မှာ စာတွေ ဖတ်တယ်။ စာကြည့်တိုက်ကားလာရင်လည်း အဲ့မှာစာအုပ်တွေ ငှားဖတ်တယ်။ အွန်လိုင်းပေါ် ကနေလည်း စာတွေဖတ်ဖြစ်ပါတယ်။ အခုက ကျောင်းစာတစ်ဖက်နဲ့ဆိုတော့ အပြင် ဗဟုသုတရမယ့်စာတွေကို အားလပ်တဲ့အချိန်တွေမှာ ဖတ်ဖြစ်ပါတယ်။

မမိုးပပထွန်း၊ Grade(10)၊ အ.ထ.က(၅)၊ ဇမ္ဗူသီရိ

သမီးအနေနဲ့ စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သမီးအနေနဲ့ သတင်းစာ တွေလည်းဖတ်ပါတယ်။ အွန်လိုင်းပေါ်ကနေလည်း အခြားဗဟုသုတရမယ့် စာတွေရှာဖွေ ဖတ်ရှုဖြစ်ပါတယ်။ စိန်ရတုတိုင်ခဲ့ပြီဖြစ်တဲ့ ပြည်ထောင်စုနေ့ကြီးကို ရောက်တော့မှာ ဖြစ်တဲ့ အတွက် ပျော်မိပါတယ်။ သမီးတို့လို မျိုးဆက်သစ်လူငယ်တွေ အနေနဲ့လည်း ပြည်ထောင်စု စိတ်ဓာတ်ထားရှိ သွားကြရမှာဖြစ်ပါတယ်။ သမီးသူငယ်ချင်းတွေကို ပြောချင်တာက စာစီ စာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲတွေမှာ ကိုယ်ဝါသနာပါရာကို ဝင်ရောက်ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်ရှင့် ။

စိုင်းထွန်းနေလှိုင် (ဒက္ခိဏ)