တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်       ဖေဖော်ဝါရီ       ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို သိရှိနားလည်ပြီး ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားအားလုံးက ထာဝစဉ်ထိန်း သိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန် ထက်မြက်စေရန်၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော် ကြီးတည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်း တည်ဆောက်နိုင်ကြစေရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်စေရန် စသည့် ရည်ရွယ် ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)