တံတားဦးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဟောပြေပွဲကျင်းပ

တံတားဦး  ဖေဖော်ဝါရီ  ၈    

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့်  မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချရေး၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ပြောကြားပြီး၊ တံတားဦးမြို့နယ် စာရေးဆရာအသင်းဥက္ကဌ စာရေးဆရာဟိန်းသန့်(အင်းဝ)က ပြည်ထောင်စုနေ့အကြောင်း သိကောင်း စရာများနှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အသင်းဝင်စာရေးဆရာ ကိုရင်ထွန်းလွင်(သမန်းကန်)က ပြည်ထောင်စုနေ့ဖြစ်လာပုံ အကြောင်းအရာများ၊ ပြည်ထောင်စုအမွေ ထိန်းသိမ်းရမည့်အကြောင်းအရာများ၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများ မိမိတို့သိရှိလိုသည့် ပြည်ထောင်စုနေ့ အကြောင်းအရာများကို ဆွေးနွေးကြရာ တာဝန်ရှိသူများ အသေးစိတ် ရှင်းလင်းဖြေကြား ပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။

ဦးရဲတင့်