မိုင်းယန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

မိုင်းယန်း  ဖေဖော်ဝါရီ    ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက ဈေးတန်းရပ်ကွက်ရှိ၊ ဓာတ်လုံဟိုစေတီပရဝဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပါလျံအုပ်စု လူငယ်မောင်မယ်များမှ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနား ကို ဖွင့်လှစ်ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးနေမျိုးသူရိန်က စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိုင်းယန်းလူငယ်အသင်းဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်းမှ ရှမ်းအမျိုးသားနေ့(ခေါ်) ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်းကို ပြောကြားပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းသို့ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စေတနာထက်သန်စွာ အလှူငွေများ လှူဒါန်းပေးကြသော စေတနာရှင်များအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးနေမျိုးသူရိန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးနေမျိုးသူရိန်နှင့် အသင်း ဝင်များ၊ မိုင်းယန်းလူငယ်အသင်းဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်းနှင့် အသင်းဝင်များ၊ လူမူရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)