‌စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီအစား ပြည်တွင်းစားသုံးဆီ အစားထိုးသုံးစွဲမှုမြင့်မား လာစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရေး ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း၊ ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်၊ ပြည်ပနိုင်ငံများမှတင်သွင်းသည့် စားအုန်းဆီအစား ပြည်တွင်းဆီ အစားထိုးသုံးစွဲမှု မြင့်မားလာစေရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး စစ်ဆေး ပညာပေးခြင်းများကို၊ ဖေဖော်ဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း လုပ်ကိုင်ရာဌာနများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် ဝန်ထမ်း များသည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဆီစက်လုပ်ငန်း လုပ်ငန်းကြီးများဖြစ်သည့် ဇမ္ဗူအေးဆီစက်၊ ဖေးဘရိတ်ဆီစက်နှင့် အခြားအငှားလုပ်ကိုင်သည့် ဆီစက်လုပ်ငန်းရှင်များထံသို့ သွားရောက်၍ ကုန်ကြမ်းဝယ်ယူ ရရှိမှုအခြေအနေနှင့် ကုန်ချောထုတ်လုပ် တင်ပို့ပေးနေမှုအခြေအနေများ၊ လုပ်ငန်း‌ ဆောင်ရွက်ရာတွင် ထုတ်ကုန်အရည်အသွေးပြည့်မီရေး FDA မှ ထုတ်ပြန် ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများအဖြစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက်၊ ထုတ်ကုန် လေဘယ်များတွင် ထုတ်လုပ်မှုရက်စွဲနှင့် သက်တမ်း ကုန်ရက်စွဲများ ထည့်သွင်းဖော်ပြရေး၊ စနစ်တကျ သိမ်းဆည်းထားသိုရမည့် အညွှန်းနေရာ များထည့်သွင်းဖော်ပြရေးတို့ကို ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)