သီပေါ သြဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီ အသင်းခွဲ မှဉက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို သီပေါမြို့နယ်အတွင်းရှိ ဝက်ဝံယာယီပျံကျဈေး၊ မြို့မဈေး၊ ရပ်ကွက်များနှင့် စားသောက်ဆိုင်များသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း (Mask)များအား စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုစနစ်တကျ ဆပ်ပြာနှင့် စက္ကန့် ၂၀ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများနှင့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ ဆိုင်ကယ် စီးနင်း သွားလာနေသော ပြည်သူများကို နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)