နေပြည်တော် ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ကျောင်းသား/ကျောင်းသူ များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာ စွမ်းရည်၊ နှုတ်မှု စွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်အဆင့် ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် ပန်းချီပြိုင်ပွဲတွင် မြို့နယ်ရှစ်မြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က “စိန်ရတုပြည်ထောင်စုနှင့် အနာဂတ်ရောင်စုံပန်းများ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် မြို့နယ်ရှစ်မြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့က “ပြည်ထောင်စုအမွေကမ္ဘာတည်စေ’’ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြရာ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာရေး) ဒေါ်မြင့်မြင့်ခိုင်နှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများ အလိုက်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)