နမ္မတူတွင် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Covishield အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

နမ္မတူ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေး နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Covishield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Covishield အမျိုးအစား ကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၃၀၆ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံ ပြည်သူ ၅၉၄၂ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၉၂ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၄၃၂ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)