မိုင်းယုမြို့လယ်ဗဟိုချက်တိုင်သစ် စိုက်ထူပွဲနှင့် ကျောင်းဆောင်ဇရပ်သစ် ရေစက်ချမင်္ဂလာပွဲကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့၏ ရှေ့ဘိုးဘွားစဉ်ဆက်၏ အသိအမှတ်ပြု ထိန်းသိမ်းလာခဲ့သည့် မြို့လယ်ဗဟိုချက်တိုင်သစ် စိုက်ထူပွဲနှင့် ကျောင်းဆောင်ဇရပ်သစ် ရေစက်ချမင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့မရပ်ကွက်နှင့် ဒေါင်နေရပ်ကွက်အကြား ကော်ဟိုလွယ်တောင်တက်လမ်း ဘေးတွင် ကျင်းပပြုလုပ် လျက်ရှိသည်။

အဆိုပါ ပွဲတော်ကို ယနေ့နံနက်ပိုင်းက စတင်ကာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ယင်းပွဲတော် ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့လယ်ဗဟိုချက် တိုင်သစ်အား စိုက်ထူခြင်းနှင့် ကျောင်းဆောင်ဇရပ်သစ် ရေစက်ချမင်္ဂလာ အခမ်းအနား သိမ်းအောင်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

ပွဲတော်ကျင်းပစဉ်အတွင်း ဒေသခံတိုင်းရင်းသားများမှ ရိုးရာအကအလှပများ၊ ရှမ်းလမုန်း အကများဖြင့် ဖျော်ဖြေတင်ဆက် ပေးခြင်းများ၊ ဈေးသည်များမှာလည်း ဒေသအစားအစားများ ခင်းကျင်း ရောင်းချခြင်းများနှင့်အတူ ပွဲလည်ပတ်သူများလည်း လာရောက်လည်ပတ် လျက်ရှိကြောင်း  သိရသည်။

ကိုကိုနိုင်(မိုင်းယု)