စဉ့်ကိုင် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အကြိမ်ပြည့် ထိုးနှံထားပြီး (၆)လပြည့်ပြီးဖြစ်သည့် ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose ) ထပ်ဆောင်း ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) က ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အကြိမ်ပြည့် ထိုးနှံပြီး (၆)လပြည့်ပြီး သော ကျန်းမာရေးဝန်ထမ်း (၆၀)ဦး၊ ရဲတပ်ဖွဲ့ဝင်(၆၈)ဦး၊ ပညာရေးဝန်ထမ်းဆရာ/ဆရာမ (၁၃၀) ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ (၂၈၀)ဦး စုစုပေါင်း(၅၃၈)ဦးတို့အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose)အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးပြည်သူ
များသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊ HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း ရပ်ကွက်/ကျေးရွာများအတွင်း ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကိုလည်း သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း